သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို အာရှမှာ ယုံကြည်စိတ်ချရတဲ့မိတ်ဖက်အဖြစ် ဘီလာရုစ် ရှုမြင် 


ဘီလာရုစ်နဲ့မြန်မာသံကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တွေ့ဆုံ။ (Photo courtesy of the Ministry of Foreign Affairs/စက်တင်ဘာ ၁၉၊ ၂၀၂၃)
ဘီလာရုစ်နဲ့မြန်မာသံကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တွေ့ဆုံ။ (Photo courtesy of the Ministry of Foreign Affairs/စက်တင်ဘာ ၁၉၊ ၂၀၂၃)

မြန်မာနိုင်ငံကို အာရှဒေသမှာ ယုံကြည်စိတ်ချရတဲ့မိတ်ဖက်နိုင်ငံအဖြစ် ဘီလာရုစ်က ယူဆကြောင်း ရုရှားနိုင်ငံဆိုင်ရာ ဘီလာရုစ်သံအမတ်ကြီး ဒီမီထရီ ကရူတွိုင် (Dmitry Krutoi) က ဘီလာရုစ်ဆိုင်ရာ မြန်မာ စစ်ကောင်စီသံအမတ်ဦးလွင်ဦးနဲ့ မော်စကိုမှာတွေ့ဆုံတုန်း ပြောခဲ့ကြောင်း ဘီလာရုစ်အစိုးရသတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

ဒီမီထရီ ကရူတွိုင်နဲ့ဦးလွင်ဦးတို့ဟာ အရင်အပတ်က ဘီလာရုစ်နိုင်ငံကို သွားရောက်ခဲ့တဲ့ စစ်ကောင်စီ ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ဦးသန်းရွှေရဲ့ ခရီးစဉ်ရလဒ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘီလာရုစ်မြို့တော် မင့်စ် (Minsk) မှာ မြန်မာစစ်ကောင်စီရဲ့ ကောင်စစ်ဝန်ရုံးဖွင့်နိုင်ခဲ့တာကို နှစ်ဘက်လုံးက ကြိုဆိုကြောင်း ပြောပါတယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ထွန်းမှုအခြေအနေ၊ ကုန်သွယ်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပြန်အလှန် ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးကိုအမှူးပြုပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ မူဘောင်တွေအတွင်းမှာ နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံပံ့ပိုးကြဖို့ နှစ်ဖက်ပြောဆိုခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို တရားဝင် တည်ဆောက်ခဲ့ကြတယ်လို့ ဘီလာရုစ်အစိုးရ သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ယူရေးရှားလို့ ခေါ်တဲ့ဥရောပနဲ့ အာရှတိုက်နှစ်ခုပေါင်းစည်းတဲ့ ဒေသရဲ့ စီးပွားရေးကော်မရှင်ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့တာကိုလည်း ဘီလာရုစ်သံအမတ်ကြီးက ချီးကျူးခဲ့တယ်ဆိုပါတယ်။ ဒါက မြန်မာနိုင်ငံအတွက် ယူရေးရှား စီးပွားရေးသမဂ္ဂရဲ့ဈေးကွက်ကို တံခါးဖွင့်လိုက်နိုင်တာလို့ ဘီလာရုစ် သံအမတ်ကြီး Dmitry Krutoi က ပြောပါတယ်။

တခါ မြန်မာစစ်ကောင်စီရဲ့ သံအမတ်ဘက်ကလည်း မြန်မာနဲ့ဘီလာရုစ် နှစ်နိုင်ငံကြားမှာ စိုက်ပျိုးရေး၊ လယ်ယာစီးပွားရေး၊ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အလားအလာအကောင်းဆုံး ဖြစ်တယ်လို့ ပြောတယ်လို့ ဆိုပါတယ်။ ဘီလာရုစ်နိုင်ငံရဲ့ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေမှာ မြန်မာကျောင်းသားတွေ လာရောက် ပညာသင်ယူဖို့ အပါအဝင် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့လည်း နှစ်ဘက် ဆွေးနွေးခဲ့ကြတယ်လို့ ဘီလာရုစ် အစိုးရသတင်းမှာ ဖော်ပြပါတယ်။

မြန်မာကို အာရှမှာ ယုံကြည်စိတ်ချရတဲ့မိတ်ဖက်အဖြစ် ဘီလာရုစ် ရှုမြင်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG