သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ပြန်လွတ်လာမှု ၂၀၁၆ Pulitzer ဆုရှင် Esther Htu San အမြင်


၂၀၁၆ Pulitzer ဆုရှင် Esther Htu San
၂၀၁၆ Pulitzer ဆုရှင် Esther Htu San

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး လွတ်ငြိမ်းသက်သာခွင့်နဲ့ နိုင်ငံတကာက ကြိုဆိုနေကြသလို သူတို့လိုပဲ Pulitzer ဆုရှင် တဦးဖြစ်ပြီး ကချင်အမျိုးသမီး AP သတင်းထောက် Esther Htu San ကလည်း ဝမ်းသာတယ်လို့ ကြိုဆိုပါတယ်။ အခုအခါ အမေရိကန်ပြည်ထောင်စု Harvard တက္ကသိုလ်က Neiman သတင်းစာ စာနယ်ဇင်းပညာတော်သင်တဦးဖြစ်တဲ့ Esther Htu San ကို ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းစဉ် သူက အခုလို စပြောပါတယ်။

Esther Htu San။ ။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးစလုံးအတွက် ကျမ သတင်းထောက်အနေနဲ့ သူတို့ နှစ်ယောက်အတွက် အများကြီးကို ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်တခုကတော့ သူတို့တွေလည်း မိသားစုနဲ့ ကွဲကွာနေရတာ တော်တော်ကြာပြီ ၊ သူတို့ ကလေးတွေ ၊ အမျိုးသမီးတွေက တော်တော်လေးကို ဒီတနှစ်ကာလအတွင်းမှာ စိတ်ဆင်းရဲတဲ့ ဒဏ်တွေ တော်တော်လေးကို ခံစားရတယ်။ အခုမိသားစု ပြန်ပြီးဆုံတွေ့ရတယ်ဆိုတော့ ကျမအများကြီးဝမ်းသာပါတယ်။ ပြီးတော့ အစကတည်းကနေ သူတို့က ထောင်ထဲမှာ မရှိသင့်တာပေါ့နော်။ သူတို့နှစ်ယောက်က သတင်းစာနဲ့ ပတ်သက်တဲ့ အလုပ်ကို လုပ်နေသူတွေဖြစ်တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ သူတို့နှစ်ယောက်ရဲ့ သတင်းကြောင့် ထောင်ချခံရတယ်။ ဒါပေမယ့် ၇ နှစ်လုံးလုံး မခံရပဲနဲ့ ၁ နှစ်ကျော်အတွင်းမှာ အစိုးရကနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို ကျမတို့ကတော့ အများကြီး အပြုသဘောဆောင်တဲ့အနေအထားပဲလို့ ကျမမြင်ပါတယ်။

ဒေါ်လှလှသန်း။ ။ Esther ကတော့ ၂၀၁၆ Pulitzer ဆုရှင်ပေါ့နော်၊ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကတော့ ၂၀၁၉ Pulitzer ဆုရှင်တွေပေါ့နော်၊ သတင်းလောကမှာ တော်တော်လေး တန်ဖိုးထားရတဲ့ သတင်းစာနယ်ဇင်းထူးချွန်ဆု ရရှိတဲ့ သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်၊ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလဲ။

Esther Htu San။ ။ဟုတ်ကဲ့ရှင့် ပထမဦးဆုံးကတော့ ကမ္ဘာမှာ တော်တော်လေး တန်ဖိုးရှိတဲ့ သတင်းစာနယ်ဇင်းထူးချွန်ဆု Pulitzer ဆုကိုရရှိတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရယ် ကျမတို့အကုန်လုံးက ကျမတို့ မြန်မာနိုင်ငံကိုယ်ကိုယ်စားပြုပြီးတော့ တိုင်းပြည်ရဲ့ နာမည်ကို ဂုဏ်ဆောင်တဲ့သူတွေဖြစ်တယ်။ ဒီလို ဂုဏ်ဆောင်တာ တခုတည်းတင်မဟုတ်ပဲနဲ့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ လမ်းကြောင်းမှာလည်း ကျမတို့ တတ်ထားတဲ့ သတင်းစာပညာရပ်တွေနဲ့ သတင်းတွေကို ရေးသားခြင်း စုံစမ်းဖော်ထုတ်ခြင်းအားဖြင့် တိုင်းပြည်၊ ပြည်သူတွေအကျိုးကို ပိုပြီးတော့မှ တာဝန်ထမ်းဆောင်နိုင်မယ်ပေါ့နော်။ အခုလို Pulitzer ဆုကိုရခြင်းအားဖြင့် မြန်မာနိုင်ငံကို ကမ္ဘာမှာ လူတော်တော်များများသိတယ်။ ဒါပေမယ့် တခု စိတ်မကောင်းစရာက ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ထဲမှာ ထည့်ထားခြင်းအားဖြင့် သူတို့ Pulitzer ဆုကိုချီးမြှင့်မယ့်အချိန်မှာ ကျမတို့ တိုင်းပြည်က အတော်လေးကို နာမည်ဆိုးစာရင်းထဲ ဝင်ခဲ့တယ်ပေါ့နော် လွန်ခဲ့တဲ့ လပိုင်းအတွင်းမှာ။ အဲဒီတော့ ကျမတို့ တိုင်းပြည်မှာ သတင်းပညာရပ်ကို ပိုပြီးတန်ဖိုးထားပြီးတော့ သတင်းထောက်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီးတန်ဖိုးထားနိုင်မယ် ၊ သတင်းထောက်တွေရဲ့အလုပ်တွေကိုလည်း ပိုပြီးအသိအမှတ်ပြုမယ်ဆိုရင် ကျမတို့ သတင်းထောက်တွေကလည်း တိုင်းပြည်အတွက် ကောင်းမွန်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ်လို့ ကျမကတော့ ယုံကြည်ပါတယ်။

ဒေါ်လှလှသန်း။ ။ သတင်းလွတ်လပ်ခွင့်ပညာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရော မေလ ၃ ရက်နေ့တုန်းက ပေးပို့တဲ့ သတင်းလွတ်လပ်ခွင့်အမှာစကားမှာ သူတို့ နှစ်ဦးစလုံးထည့်ပြောသွားတာကတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်က နိုင်ငံတော်ထူထောင်ရေးအတွက် အရေးကြီးတယ် ဒါပေမယ့် သတင်းမီဒီယာလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေအနေနဲ့ သတင်းထောက်ကျင့်ဝတ်တွေနဲ့ အညီ လုပ်ကိုင်ဖို့လည်း လိုအပ်တယ်လို့ ပြောကြားသွားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ Esther ဘယ်လိုမြင်ပါသလဲ။

Esther Htu San။ ။ကျမကတော့ သတင်းထောက်တွေတော်တော်များများကတော့ သတင်းထောက် ကျင့်ဝတ်တွေနဲ့ အညီ သတင်းလိုက်တာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Eleven မီဒီယာကရော တခြားတော်တော်များများပေါ့နော် ကျမတို့ ကြည့်နေသလောက်ဆိုရင် အစိုးရဘက်က Corruption ပေါ့နော် ဒီလိုကိစ္စတွေဆိုရင် သူတို့က တော်တော်လေး စုံစမ်းထောက်လှမ်းတယ်၊ အဲဒီတော့ အစိုးရဘက်က အကျင့်ပျက်ချစားတာကို အကျင့်ပျက်ချစားတဲ့အတိုင်း ရေးတာကို မီဒီယာဘက်ကနေမှ မလိုက်နာဘူးလို့တော့ ပြောလို့မရဘူးပေါ့နော်။ ကျမကတို့အနေနဲ့လည်း သတင်းထောက်တွေကတော့ အမှန်ကို အမှန်အတိုင်း ရေးသားဖော်ပြဖို့ တာဝန်ရှိသလို ၊ ကျမတို့ ဘက်ကလည်း အတတ်နိုင်ဆုံး စာနယ်ဇင်းဥပဒေနဲ့အညီ လုပ်သွားဖို့ရှိတယ်ပေါ့နော်။ ဒါပေမယ့် အစိုးရကို ဝေဖန်တိုင်း ကျမတို့က သတင်းစာ စာနယ်ဇင်းဥပဒေကို ချိုးဖောက်နေတယ် ဆိုတာကိုတော့ အဲဒါကို ကျမတို့ ချိုးဖောက်တယ်လို့ မမြင်ပါဘူး။ အခုလို ကျမတို့ သတင်းထောက်တွေနှစ်နဲ့ချီပြီးတော့ တိုင်းပြည်ကို အကျိုးပြုလာတဲ့အတွက် တိုင်းပြည်ကလည်း ဒီမိုကရေစီ လမ်းနဲ့ညီတဲ့ဘက်ကို အခုရောက်လာတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျမအမြင်မှာတော့ တခါတလေ သတင်းထောက်တွေမှာလည်း မှားတဲ့အခါရှိတယ်၊ ဒါပေမယ့် များသောအားဖြင့်ကတော့ အတတ်နိုင်ဆုံး သတင်းစာ စာနယ်ဇင်းရဲ့ ဥပဒေနဲ့အညီ စုံစမ်းထောက်လှမ်းပြီးတော့ရေးသားတာကို ပိုပြီးတွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတဘက်ကလည်း သတင်းပညာရပ်နဲ့ ပတ်သက်ပြီး ပိုပြီးတော့ အလေးထား တန်ဖိုးထားလာတာကို တွေ့ရတဲ့အတွက် ကျမကတော့ အရမ်းဝမ်းသာပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လွတ်လာတယ် ဆိုတာက ဒါ တိုင်းပြည်ရဲ့ စာနယ်ဇင်းလောကမှာ အတော်လေးကို အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တခုလို့ ကျမမြင်ပါတယ်။ မနေ့က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ထောင်ထဲကနေ ထွက်လာတာကို အရမ်းဝမ်းသာတယ် ပြီးတော့ သတင်းထောက် အချင်းချင်း သူတို့နှစ်ယောက် အပြင်ကနေပြီးတော့ သူတို့ယုံကြည်တဲ့ သတင်းစာနယ်ဇင်း ပညာရပ်နဲ့ တိုင်းပြည်အတွက် ပိုပြီးတော့ အကျိုးပြုသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ကျမအများကြီး ဝမ်းသာဂုဏ်ယူမိပါတယ်။”

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ပြန်လွတ်လာမှု ၂၀၁၆ Pulitzer ဆုရှင် Esther Htu San အမြင်
please wait

No media source currently available

0:00 0:05:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG