သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး စုံစမ်း စီရင်ခွင့်ရှိကြောင်း ICC ဆုံးဖြတ်


ICCရဲ့ ဥပဒေရေးရာ အကြီး တန်းအကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ Gilbert Bitti နှင့် ICCရုံးရဲ့ ဥပဒေရေးအရာရှိ Mohamed El Zeidy သတင်းစာရှင်းလင်းစဉ်
ICCရဲ့ ဥပဒေရေးရာ အကြီး တန်းအကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ Gilbert Bitti နှင့် ICCရုံးရဲ့ ဥပဒေရေးအရာရှိ Mohamed El Zeidy သတင်းစာရှင်းလင်းစဉ်

ရိုဟင်ဂျာမွတ်ဆလင်တွေကို မြန်မာနိုင်ငံထဲကနေ နှင်ထုတ်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ICC နိုင်ငံတကာပြစ်မှုခုံရုံးကနေ တရားစီရင်ခွင့်ကို ချမှတ်လိုက်ပါပြီ။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် လည်း နယ်စပ်ကို ကျော်ဖြတ်ပြီးတခြားနိုင်ငံဘက်ရောက်အောင် အတင်းအဓမ္မမောင်းထုတ်မှုနဲ့ပတ်သက်လို့ မြန်မာခေါင်းဆောင်တွေ စုံစမ်းစစ်ဆေးခံရနိုင်ဖွယ်ရှိပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပါလိမ့်မယ်။

မြန်မာနိုင်ငံထဲက ရိုဟင်ဂျာမူဆလင်တွေနယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရောက်သွားအောင် နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ICCနိုင်ငံတကာပြစ်မှုခုံရုံးကနေ တရားဝင် စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့ အမှုမစစ်မှီကြိုတင်ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့ရဲ့အဖွဲ့ဝင်အများစုက ဆုံးဖြတ်လိုက်ကြောင်း စက်တင်ဘာလ ၆ရက် မနေ့တုန်းက ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။ ICC ဖွဲ့စည်းခဲ့တဲ့ Rome Statue သဘောတူစာချုပ်ရဲ့ အပိုဒ် ၁၉ (၃) နဲ့အညီ စုံစမ်းစစ်ဆေးဖို့ တရားလိုရှေ့နေရဲ့လျှောက်ထားချက်အရ ဒီအမှုကို ကိုင်တွယ်ဖို့ ICC ခုံရုံးကဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ တိုင်းပြည်အတွင်းက အတင်းအဓ္ဓမမောင်းထုတ်တဲ့ ပစ်မှုကျူးလွန်မှုဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီး ICC ရုံးရဲ့ ဥပဒေရေးအရာရှိ Mohamed El Zeidy ကရှင်းပြပါတယ်။

"တိုင်းပြည်အတွင်းက အတင်းအဓ္ဓမမောင်းထုတ်တဲ့ပြစ်မှုကျူးလွန်မှုဆိုတာက လူတဦးတယောက် တရားဝင်လက်ရှိနေထိုင်နေတဲ့နေရာကနေ တခြားနေရာကိုရွှေ့ပြောင်းသွားအောင် အတင်းအဓ္ဓမမောင်းထုတ်မှုကိုဆိုလိုတာပါ။ ဒီကျူးလွန်မှုဟာ လူဦးရေအတိုင်းအတာတခုအထိ တခြားနေရာကိုရွှေ့ပြောင်းသွားအောင် အတင်းအဓ္ဓမ လုပ်ဆောင်မှုဆိုတဲ့ ပြစ်မှုကို လည်းကျူးလွန်ရာရောက်စေပါတယ်"

ICC ခုံရုံးက ရိုဟင်ဂျာအရေးကိုင်တွယ်စစ်ဆေးဖို့လုပ်နေတယ်ဆိုပေမဲ့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဖြစ်မြောက်ရေးသဘောတူညီချက်၊ Rome Statue စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်ပါဘူး။ အဲဒါကြောင့် ICC အဖွဲ့က မြန်မာနိုင်ငံ ကိုတရားစီရင်ပိုင်ခွင့်မရှိဘူးလို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ပြောဆိုထားပါတယ်။ ICC ရှေ့နေချုပ်ဟာ တဘက်တည်းကရတဲ့ ဘက်လိုက်ပြောဆိုတဲ့သတင်းတွေပေါ်မှာ အခြေခံပြီးလုပ်ဆောင်နေတာဖြစ်တယ်၊ ဒီအဖွဲ့က စုံစမ်းစစ် ဆေးဖို့ကမ်းလှမ်းချက်ဟာလည်း ကျိုးကြောင်းခိုင်လုံမှုလုံးဝမရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရဲ့ သြဂုတ်လ ၉ရက်နေ့မှာထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုလည်း မြန်မာ အစိုးရက အသိအမှတ်မပြုပါဘူး။

မြန်မာဟာICCအဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့လည်း ရိုဟင်ဂျာမူဆလင်တွေ သိန်းနဲ့ ချီပြီးထွက်ပြေးခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ICCရဲ့ အဖွဲ့ဝင်နိုင်ငံပါ။ အဲဒါကြောင့် ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံထဲက အတင်းနှင် ထုတ်ခဲ့မှုဟာ Crime Against Humanity လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ပြစ်မှုအဖြစ် ကျူးလွန်ရာရောက်မရောက် ဒါမှမဟုတ် တခြား လူမဆန်တဲ့ လုပ်ရပ်တွေရှိမရှိဆိုတာတွေကို ICC ခုံရုံးကနေစုံစမ်း စစ်ဆေးဖို့ အမှုမ စစ်မှီကြိုတင်ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့ကဆုံးဖြတ်ခဲ့တာပါ။ ICC ခုံရုံးက ဘာတွေလုပ်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ICC ရဲ့ ဥပဒေရေးရာ အကြီး တန်းအကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ Gilbert Bitti က ရှင်းပြပါတယ်။

"အခုဆုံးဖြတ်ချက်က ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် အတင်းနှင်ထုတ်ခံရတယ်ဆိုတဲ့စွပ်စွဲချက်ကို တရားရုံးကကိုင်တွယ် စစ်ဆေးနိုင်ပါလိမ့်မယ်။ အနည်းဆုံး ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်နက်ထဲကိုရောက်အောင် နယ်စပ်ဖြတ် ကျော်မှုတွေရှိခဲ့တယ်ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးနိုင်ပါလိမ့်မယ်"

ICC ခုံရုံးကတရားသူကြီးတွေရဲ့ မနေ့ကဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး Humanright Watch လူ့အခွင့်အရေးစောင့်ကြည့် မှုအဖွဲ့ရဲ့ နိုင်ငံတကာ ဥပဒေဆိုင်ရာ တွဲဘက်ညွှန်ကြားရေးမှုး Param Preet Singh ရဲ့တုံ့ပြန်ချက်ကတော့ ဥပဒေရဲ့ အထက်မှာ ရှိနေတယ်လို့ထင်နေကြတဲ့ မြန်မာစစ်အရာရှိတွေအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေရဲ့အကျိုးဆက် တွေကို ခံစားကြရတော့မယ့်သဘောပဲလို့ဆိုပါတယ်။

ကချင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အဖိနှိပ်ခံနေကြရသူတွေ ရဲ့အခြေအနေတွေအပါအဝင် မြန်မာနိုင်ငံကအခြေအနေတွေအားလုံးကို ICC ခုံရုံးကနေကိုင်တွယ်ဖို့ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက အဆိုပြုတိုက်တွန်းသင့်ပြီလို့ Humanright Watch အဖွဲ့က မနေ့ကပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။

အခုလို အမှုမစစ်မှီကြိုတင်ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာတာဟာ ရိုဟင်ဂျာမွတ်ဆလင် တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေရှိ မရှိ၊ အတင်းမောင်းထုတ်မှုတွေရှိ မရှိဆိုတာတွေကို စုံစမ်းစစ်ဆေးမှုတွေ တရားဝင်လုပ်ဆောင်ဖို့ လမ်းပေါက်တခု စပြီးပွင့်လာတဲ့သဘောလည်းဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို စပြီးလုပ်ခွင့်ရှိပြီဆိုတဲ့သဘောတော့မဟုတ်ပါဘူး။ တရားလိုရှေ့နေအနေနဲ့ ပဏာမစစ်ဆေးမှုတွေကို အချိန်အတိုင်းအတာတခုယူပြီး စတင်လုပ်ဆောင်လို့တော့ရပါပြီ။ စုံစမ်းစစ်ဆေးမှုအပြည့်အဝလုပ်ဆောင်ဖို့ခွင့်ပြုချက် ကိုတော့ ICC တရားသူကြီးအဖွဲ့ချုပ်ကို တရားလိုရှေ့နေက တင်ပြရပါဦးမယ်။ တရားသူကြီးအဖွဲ့ချုပ်က ဆုံးဖြတ်ချက် ပေးမှပဲ ဒီအမှုနဲ့ပတ်သက်လို့ တရားဝင်အပြည့်အဝစုံစမ်းမှုတွေစတင်နိုင်မှာဖြစ်ပါတယ်။

ရိုဟင်ဂျာအရေး စုံစမ်း စီရင်ခွင့်ရှိကြောင်း ICC ဆုံးဖြတ်
please wait

No media source currently available

0:00 0:04:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG