သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မီဒီယာဥပဒေ မှေးမှိန်နေသလား


မြန်မာ့သတင်းလွတ်လပ်ခွင့်ကို ထောက်ခံသူများ (စက်တင်ဘာ၊ ၁၆၊ ၂၀၁၉)
မြန်မာ့သတင်းလွတ်လပ်ခွင့်ကို ထောက်ခံသူများ (စက်တင်ဘာ၊ ၁၆၊ ၂၀၁၉)

သတင်းရေးသား ဖော်ပြမှုနဲ့ ပတ်သက်လို့ သတင်းသမားတွေကို သတင်းမီဒီယာ ဥပဒေအရ အရေးမယူပဲ အခြားရာဇဝတ်မှုတွေနဲ့ အရေးယူနေတာတွေဟာ ဒီမိုကရေစီစံနှုန်းနဲ့ လွဲှချော်နေသလို ဥပဒေအရလည်း မှားယွင်းနေတယ်လို့ မီဒီယာနဲ့ ဥပဒေအသိုင်းအဝိုင်းက ဝေဖန်နေပါတယ်။ သတင်းသမားကို အရေးယူတဲ့အပိုင်းမှာ သတင်းမီဒီယာ ဥပဒေအရဆိုရင် မီဒီယာကောင်စီကို အရင်ဆုံး တိုင်ကြားရမှာဖြစ်ပေမဲ့လို့၊ အခုဆိုရင် သတင်းသမားအတော်များများဟာ တခြားရာဇဝတ် ပုဒ်မတွေနဲ့ တရားစွဲခံနေရတာပါ။ သမ္မတက ခန့်အပ်တဲ့ မြန်မာမီဒီယာ ကောင်စီဘက်ကလည်း ဒါကို ကာကွယ်ပေးနိုင်မှုမရှိပဲ ပြရုပ်သက်သက်လို ဖြစ်နေတယ်လို့ မီဒီယာကောင်စီဝင် အချို့က ယူဆနေပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

သတင်းသမားတွေဟာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ မီဒီယာဥပဒေနဲ့ အရေးယူခံရတာမျိုး မဟုတ်ဘဲ မသက်ဆိုင်တဲ့ ဥပဒေတွေ၊ ရှေးကျတဲ့ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူခံနေရတာဟာ ဥပဒေလုပ်ထုံးလုပ်နည်းအရ လွဲှမှားနေတယ်လို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေ အထောက်ကူပြုအဖွဲ့ ဥက္ကဋ္ဌဦးကြီးမြင့်က ဗွီအိုအေကို ပြောပါတယ်။

“တကယ်တမ်းကျ ဥပဒေအရဆိုရင်တော့ အဲဒီလိုပြောလို့မရဘူးဗျ ၁၉၇၃ စကားရပ်များ ဖွင့်ဆိုရေး ဥပဒေအရ နောက်ကျတဲ့ ဥပဒေက၊ ရှေ့ကျတဲ့ ဥပဒေကို လွှမ်းမိုးတယ် ပေါ့နော်။ ဒါကြောင့်မို့ ၅၀၅(ခ)တို့ဘာတို့ကို သတင်းမီဒီယာဥပဒေက သတင်းမီဒီယာသမားနဲ့ပတ်သက်လာရင် လွှမ်းမိုးတယ်။ သတင်းမီဒီယာသမားတွေကို သတင်းမီဒီယာ ဥပဒေနဲ့ အရေးမယူဘဲ ရှေးကျတဲ့ ဥပဒေနဲ့ အရေးယူတာဟာ ဥပဒေအရ မှားယွင်းပါတယ်လို့ အဲ့ဒါကျနော်က အတိအကျမှတ်ချက် ပေးပါတယ်။”

သတင်းသမားတွေကို မီဒီယာဥပဒေနဲ့ အရေးမယူဘဲ တခြားဥပဒေတွေနဲ့ အရေးယူရတာဟာ အဲဒီဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်နဲ့ ငွေဒဏ်တွေဟာ မမျှတတဲ့အတွက် တခြားဥပဒေတွေနဲ့ အရေးယူနေရတာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧပြီလ ၃၀ နေပြည်တော် ပြန်ကြားရေးဌာနမှာလုပ်ခဲ့တဲ့ မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ သတင်းသမားတွေနဲ့ အမေးအဖြေမှာ ပြောသွားတာ ဖြစ်ပါတယ်။

“ကျနော် ခဏခဏပြောတယ်။ သတင်းမီဒီယာဥပဒေမှာ ပြဋ္ဌာန်းထားတာသည် အများဆုံးက ငွေဒဏ် ၁၀သိန်း၊ ငွေ၃သိန်း၊ လူတယောက်ကို ခင်ဗျားကို ကျနော်ကရိုက်ပြီး ခင်ဗျားကို ကြိုက်သလိုဆဲလို့ ခင်ဗျားကို ကျနော်က ငွေ ၃ သိန်း လျော်ပေးမယ်။ ခင်ဗျားခံမလား။ ဒါပဲရှင်းရှင်းလေးရယ် ခင်ဗျားကို ခင်ဗျားအမေကိုလည်းဆဲမယ်၊ ခင်ဗျားအဖေ၊ ခင်ဗျားမျိုးရိုးလည်းဆဲမယ်၊ ခင်ဗျားကိုလည်းဆဲမယ် ဆဲပြီးရင် ခင်ဗျားကို ငွေ၃သိန်းလျော်ပေးမယ်ဆိုခင်ဗျားခံမလား။ ဘယ်လိုဖြစ်မလဲ ဒါပဲ။”

သတင်းသမားတယောက်ကို အရေးယူမယ်ဆိုရင် မီဒီယာကောင်စီရဲ့ ညှိနှိုင်းတာကိုအရင်ဆုံးလက်ခံဖို့၊ မပြေလည်တဲ့အခါမှ သက်ဆိုင်ရာတရားရုံးမှာ တရားစွဲဖို့ ကောင်စီဘက်က တောင်းဆိုထားပေမဲ့ တရားစွဲအဖွဲ့အစည်းက အလေးမထားကြောင်း၊ သတင်းမီဒီယာ ဥပဒေနဲ့သာတရားစွဲဖို့ တပ်မတော်နဲ့အစိုးရကိုအကြံပြုထားကြောင်း သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၂) ဦးသာလွန်ဇောင်းထက်က အခုလိုပြောပါတယ်။

“တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပေါ့နော်.... သတင်းမီဒီယာဥပဒေမှာ ပြစ်ဒဏ်က နည်းလွန်းအားကြီးတယ်ပေ့ါ။ ဒါကြောင့်မို့ တခြားဥပဒေနဲ့ စွဲတယ်ပေါ့ ဒါမျိုးလည်း သူတို့ကပြောတာကိုး အဲဒီတော့ တကယ်တော့ အခုဟာက ကျနော်တို့က တဘက်နဲ့ တဘက်ရန်သူလို့ သဘောထားလို့ မရဘူး။ သတင်းမီဒီယာ ဆိုတာကလည်း တိုင်းပြည်တည်ဆောက်ရေးနဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ တတ်စွမ်းတဲ့နေရာကနေပါနေတာပေါ့နော်။ အဲဒါကို ငါတို့ကိုရေးလို့၊ ငါတို့ကိုဆော်လို့၊ ငါတို့လုပ်ငန်းတွေကို နှောက်ယှက်လို့ဆိုတဲ့ အမုန်းတရားအခြေခံရှိတဲ့ စိတ်နဲ့ သတင်းမီဒီယာတွေကိုဆက်ဆံမယ်ဆိုရင် ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်က တော်တော်ကြီးနောက်ပိုင်းမှာ အခြေအနေဆိုးလာမယ့် သဘောရှိပါတယ်။”

သတင်းမီဒီယာဥပဒေပုဒ်မ ၁၂ မှာ မီဒီယာကောင်စီဟာ စာနယ်ဇင်းသမားတွေနဲ့ ပတ်သက်ပြီး လွတ်လပ်စွာဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဖော်ပြထားပေမဲ့ တကယ်တမ်း ကောင်စီရဲ့လုပ်ပိုင်ခွင့်အပေါ်မှာ မေးခွန်းထုတ်နေကြပါတယ်။ ဦးသာလွန်ဇောင်းထက်က အခုလိုဆက်ပြောပါတယ်။

“ဥပဒေတွေမှာ ရေးထားတာ လွတ်လပ်စွာလုပ်နိုင်တယ်ပေါ့။ မှန်ပါတယ်.... လွတ်လပ်စွာလုပ်နိုင်တယ်။ ဒါပေမဲ့ ဘယ်လိုလွတ်လပ်စွာ လုပ်နိုင်တာလဲ၊ ဘယ်လိုကိစ္စတွေမှာ ဝင်ပြီး ကောင်စီအနေနဲ့ အခြားမဏ္ဍိုင်တွေကို ထိန်းကြောင်းလို့ရမလဲဆိုတာ တိတိကျကျ ပြဋ္ဌာန်းထားတာမရှိဘူး။ မရှိတဲ့အတွက်ကြောင့်မို့ ဒီလိုပြဿနာမျိုး တက်ရင်တောင် ကောင်စီကို တိုင်ကြားနိုင်တယ်လို့ပဲ ရေးထားတာ တိုင်ချင်တိုင်မယ်၊ မတိုင်ချင်မတိုင်ဘူးပေါ့။ မတိုင်တဲ့အတွက်ကြောင့်မို့ တရားရုံးတွေကို တိုက်ရိုက်သွားတယ်၊ ရဲစခန်းတွမှာ အမှုဖွင့်တယ်ဆိုတဲ့ ပြဿနာတွေ တက်တယ်။ အဲဒီတော့ အခုလက်ရှိ အနေအထားအရတော့ သတင်းမီဒီယာကောင်စီဟာ ဘာမှလုပ်နိုင်စွမ်းမရှိတဲ့၊ ပြရုပ်သက်သက်ကောင်စီ ဖြစ်နေတာပေါ့။”

ဒီရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် DMG သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်မင်းဦးနဲ့ အဖွဲ့ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၂)နဲ့ တရားစွဲခံထားရတဲ့ ကိစ္စလည်း ရှိနေပါတယ်။ ဒီလိုဥပဒေပုဒ်မနဲ့ တရားစွဲဆိုတာနဲ့ပတ်သက်ပြီး DMG သတင်းဌာန တာဝန်ခံအယ်ဒီတာ ဦးဧကရာဇ်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဓိကတော့ ဒီရခိုင်ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဧရာဝတီတို့၊ RFA တို့ကိုလည်းစွဲထားတာ ရှိတယ်လေ ဆိုတော့ တဘက်မှာ ပြန်ကြည့်လိုက်ပြန်ရင်လည်းဒါ ကျနော်ထင်တယ်ဗျ အဲဒီသတင်းမီဒီယာ ဥပဒေဆိုတာကို ဒီဘက်ကလူတွေက သိပ်ပြီးတော့ ရှိတယ်လို့တောင် မထင်ဘူးပေါ့နော်။ ထစ်ခနဲဆိုရင် (ဆက်သွယ်ရေးဥပဒေ) ၆၆နဲ့စွဲမယ်၊ ဟိုဟာနဲ့စွဲမယ်ဆိုပြီးတော့ပဲ လာတာလေ အကုန်လုံးက။”

မကြာသေးခင်ကလည်း မြောက်ဦးမှတ်တမ်း ဆောင်းပါးဖော်ပြခဲ့တဲ့ ဧရာဝတီ သတင်းဌာနနဲ့ ရခိုင်အရေး ကိစ္စတွေကိုဖော်ပြတဲ့ RFA သတင်းဌာနကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲထားသလို၊ ရာဇသတ်ကြီးဥပဒေ အခန်း(၂၁) အသရေဖျက်မှုပုဒ်မ ၅၀၀(ဃ)နဲ့လည်း စွဲဆိုထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့် အဆင့်ကို သုံးသပ်ဖော်ပြနေတဲ့ နယ်စည်းမထား သတင်းထောက်များ အဖွဲ့ထုတ်ပြန် ကြေညာချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်ဟာ ကျဆင်းနေဆဲဖြစ်ပြီး ကမ္ဘာ့အဆင့် (၁၃၈) မှာ ရှိနေပါတယ်။ သတင်းလွတ်လပ်ခွင့် အရှိဆုံးနိုင်ငံတွေကတော့ နော်ဝေ၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၂၀၁၈မှာ အဆင့် (၁၃၇) ရှိခဲ့ပေမဲ့လည်း လက်တလော အခြေအနေတွေကြောင့် ၂၀၁၉ မှာ တဆင့်နိမ့်သွားပြီး (၁၃၈)ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့မီဒီယာဥပဒေ မှေးမှိန်နေသလား
please wait

No media source currently available

0:00 0:05:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG