သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး


လုံခြုံရေး ကောင်စီမှာ ဆွေးနွေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Karen Pierce (အောက်တိုဘာလ ၂၃၊ ၂၀၁၈)
လုံခြုံရေး ကောင်စီမှာ ဆွေးနွေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Karen Pierce (အောက်တိုဘာလ ၂၃၊ ၂၀၁၈)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ကန့်ကွက်နေ ပေမယ့်၂၀၁၉ခုနှစ် အတွင်း မြန်မာ့အရေးဆုံးဖြတ်ချက် ချနိုင်ရေး အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နဲ့ ပြင်သစ် တို့က ကြိုးပမ်းနေပြီး ဇန်နဝါရီလ (၁၆)ရက်နေ့ကတော့ လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတွေကို ဖိတ်ကြားကာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ ရှေ့ ဘာဆက်လုပ်မလဲ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ တုန့်ပြန်ချက် စတာတွေကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ တံခါးပိတ်ဆွေးနွေးပွဲအတွင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ၊ နောက် ကုလသမဂ္ဂ နိုင်ငံရေးရာ အကြီးအကဲ နဲ့ UNDP ကုလသမဂ္ဂဖွံဖြိုးရေးအစီစဉ် အကြီးအကဲ တို့က အသီး သီး အစီရင်ခံတင်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းရေးဆွဲထားတဲ့ အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံအနေနဲ့ လုံခြုံရေးကောင်စီမှာ တဆင့်ပြီး တဆင့် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ တံခါးပိတ် ဆွေးနွေးပွဲအပြီး ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Karen Pierce က သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“ကျမတို့ဆီမှာ မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းရှိထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်အသစ်တွေအများအပြားရှိနေတဲ့အတွက် ဒီမူကြမ်းနဲ့ပတ်သက်လို့ ဆွေးနွေးဆုံးဖြတ်ဖို့ အစီအစဉ် ကျမတို့ဆီမှာ ချက်ချင်းမရှိသေးပါဘူး။ ဒါပေမယ့် နောက်တဆင့်ကတော့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပြန်လာတဲ့အခါမှာ သူ့ ရဲ့အစီရင်ခံတင်ပြချက်ကို ကျမတို့ လုံခြုံရေးကောင်စီက နားထောင်ဖို့ ဖြစ်ပါတယ်။”

ဒါအပြင် လုံခြုံရေးကောင်စီအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအခြေအနေ တိုးတက်မှု မရှိသေးတဲ့အပေါ်မှာ အလွန်ပဲ စိုးရိမ်မကင်းဖြစ်နေကြောင်း သံအမတ်ကြီး Karen Pierce ကဆိုပါတယ်။

“လုံခြုံရေးကောင်စီအနေနဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်နေပါတယ်။ MOU နားလည်မှု စာချွန်လွှာမှာ သဘောတူညီထားတဲ့အတိုင်း မြန်မာအစိုးရအနေနဲ့ လိုက်နာ အကောင်အထည်ဖေါ်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက လိုလားပါတယ်။ UNHCR နဲ့ UNDP တို့ဘက်ကတော့ အဲဒီမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အသေးစိတ် ရှင်းလင်းတင်ပြနိုင်ခဲ့ပါတယ်။ အဲတော့ နောက်တဆင့်ကတော့ အထူးကိုယ်စားလှယ်ပြန်လာတဲ့အခါမှာ ဒီကိစ္စတွေကို လုံခြုံရေးကောင်စီမှာ အသေးစိတ် ပြန်လည်ဆွေးနွေးကြဖို့ ရှိပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ဂျာမန်သံအမတ်ကြီး Christoph Heusgen ကလည်း ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အခြေအနေ တိုးတက်မှု အလွန် နှေးကွေးနေတဲ့အပေါ်မှာ လုံခြုံရေးကောင်စီဘက်က အလွန်ပဲ စိုးရိမ်နေကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီဘက်က ဘယ်လောက်အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်သွားမလဲဆိုတဲ့ သတင်းထောက်တဦးရဲ့ အမေးကိုတော့ သံအမတ်ကြီး Karen Pierce က အခုလို တုန့်ပြန်ပါတယ်။

“ဒါက ခက်ခဲတဲ့ မေးခွန်းတခုပါပဲ။အဖွဲ့ဝင် နိုင်ငံအတော်များများက အလေးထားစောင့်ကြည့်ရာမှာလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ ခရီးစဉ် ပြန်လာပြီးကတည်းက အခြေအနေတွေ လုံလုံလောက်လောက် တိုးတက်လာတယ်ဆိုတာ မတွေ့မြင်ကြရပါဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး တကယ်လိုအပ်နေတဲ့ အခြေအနေတွေ ပြောင်းလဲဖို့ လုပ်ဆောင်တာထက် အဆောက်အဦး အသစ်တွေ ဆောက်ပေးတာမျိုးလောက်ပဲ တွေ့ရပါတယ်။ နောက်တဆင့် အကောင်းဆုံးနည်းလမ်းနဲ့ ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ အခုတော့ UNHCR အနေနဲ့ အဲဒီနေရာတွေကို သွားရောက်ကြည့်ရှု့ခွင့် ရဖို့ ကြိုးစားနေပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့လည်း ဒါကို အပြည့်အ၀ ထောက်ခံပါတယ်။ ဒါပေမဲ့လည်း လက်တွေ့အလုပ်ဖြစ်ဖို့ ရခိုင်ပြည်နယ်တခုလုံးကိုတတ်နိုင်သလောက် UNHCR အနေနဲ့ သွားရောက်ခွင့်ရဖို့ဖြစ်ပါတယ်။နောက်ပြီး အစိုးရအနေနဲ့ MOU မှာပါတဲ့အချက်တွေအတိုင်း အကောင်အထည်ဖေါ်ဖို့ လိုအပ်နေပါတယ်။”

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံ ပယ်ချခံရတဲ့အပေါ်မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အတော်များများက အတော်လေး စာနာ စိတ်မကောင်းဖြစ်ကြကြောင်းနဲ့ သူတို့နှစ်ဦး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုကြောင်းလည်း သံအမတ်ကြီး Karen Pierce က ပြောကြားခဲ့ပါတယ်။

အခုလို လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့ သတင်းပတ်က မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းရဲ့ တုန့်ပြန်ချက်ကို မေးကြည့်ရာမှာ-

"ဒါကတော့ ဘာမှ သူတို့ ထူးထူးဆန်းဆန်းတော့မဟုတ်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၇ ARSA ကနေပြီးတော့ ဒီလိုတိုက်ခိုက်မှု ဖြစ်ပြီးနောက်ပိုင်းမှာ ဒီရခိုင်ကိစ္စကတော့ လုံခြုံရေးကောင်စီမှာတော့ သူတို့ အခါအားလျော်စွာ ဆွေးနွေးနေတာ ရှိပါတယ်။ သူတို့ ခရီးစဉ်တွေလည်းရှိတယ် ပြီးတော့ presidential statement တွေလည်း ထုတ်ခဲ့တာလည်းရှိတယ်လေ။ ကြားထဲမှာက အဖွဲ့ဝင်နိုင်ငံ ၁ နိုင်ငံက တောင်းဆို လို့ရှိရင် သူတို့က လုပ်ထုံးလုပ်နည်းအရ သူတို့က ဆွေးနွေးလို့ရတယ်လေ။ ဆွေးနွေးလို့ရတယ်ဆိုတာက argenda အနေနဲ့ မဟုတ်ပဲနဲ့ any other business ကနေပြီးတေ့ာ ဆွေးနွေ့လို့ရပါတယ် ဒါကတော့ procedure အပိုင်း ။ ဆိုတော့ ဒါက တောင်းဆို တဲ့လူရှိရင် သူတို့က ဆွေးနွေးလို့ရတယ်။ ခုနက resolution ကိစ္စကတော့ တဆင့်တိုးပြီးပေါ့လေ ရခိုင်ကိစ္စကို ဆုံးဖြတ်ချက်ပေါ့နော် ချဖို့အတွက် ယူကေတို့ ကြိုးစားနေတာ။ draft ရေးပြီးတာတောင် လနဲ့ချီရှိနေပြီ။ ဒါကလည်း အထဲမှာ သဘောမတူတဲ့နိုင်ငံတွေရှိတယ်။ ကျေျနာ်တို့ ဒီကိစ္စက မြန်မာနိုင်ငံရဲ့ ကိစ္စဖြစ်တယ် ၂ နိုင်ငံ လူသားချင်းစာနာထောက်ထားမှု ၊ နေရာတိမ်းရှောင်ထွက်ပြေးသွားတဲ့ ကိစ္စကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ လုပ်နေတာတွေကတော့ သူတို့ ဆက်ပြီးလုပ်ဖို့လိုတယ်ဆိုတာတွေ။ ဒီဟာတွေ ကျနော်တို့ ဘက်ကနေပြီးတော့ ရပ်တည်တဲ့ နိုင်ငံတွေလည်း ရှိတဲ့အခါကျတော့ ဆိုတော့ ဒါကို တင်မယ်ဆိုရင်တော့ အားလုံးသဘောတူညီချက်မရနိုင်ဘူး ဒါကတော့ သေချာတယ်လေ။ သေချာတယ်ဆိုတော့ သူတို့က ချိန်ဆနေတဲ့သဘောပါပဲ။ ဒါကတော့ UK တို့ ပြင်သစ်တို့ အထူးသဖြင့် အနောက်နိုင်ငံတွေ UK တို့ ပြင်သစ်တို့ ကတော့ resolution တခုတော့ လိုချင်တယ် ဒါကတော့ သူတို့ လုပ်နေတာပါ။"

လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ မြန်မာအစိုးရက အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး အထူးကိုယ်စားလှယ်ရဲ့ ရုံးခန်းကို လက်ရှိခရီးစဉ်အတွင်း နေပြည်တော်မှာ ဖွင့်လှစ်ရေးအတွက်လည်း ပံ့ပိုးကူညီပေးနေကြောင်း မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး
please wait

No media source currently available

0:00 0:05:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG